ကျောင်းကုန်း ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံး မြတ်ပညာခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျောင်းကုန်းမြို့နယ်အတွင်းစာသင်ဝိုင်း (၇၂)ဝိုင်းဖြင့် စာမတတ်သူ(၆၆၆)ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ကြီး အောင်မြင် အောင် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ပေးကြဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ယခုလုပ်ငန်းဟာ ဆရာ/ဆရာမများ၏ စေတနာဖြင့် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်များ ဂရုစိုက်မောင်းနှင်ကြဖို့ လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် "မနီ ပြုံးနိုင်ပြီ"Video Projector ဖြင့်ပြသခြင်း အစီအစဉ်အရ ပြသပေးခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေ ကျပ်(၃)သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့သည်။ အဆိုပါနည်းပြသင်တန်းကို ဧပြီလ (၅)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)