ပဲခူး ဧပြီ ၆
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်း အနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “ကျေးလက်ဒေဿနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးနှင့် ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသား ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်”ဟု လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ် မြောက်ရေးလုပ်ငန်းအား ရည်ရွယ်ချက်(၇)ရပ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ(၉၅၆၃)ဦးရှိပြီး စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြ ဆရာ(၇၁၁)ဦးနှင့် ကြီးကြပ်ဆရာ(၇၄)တို့ဖြင့် အခြေခံ အရေး၊ အဖတ်၊ အတွက် အပြင် လူမှုဘဝလေ့လာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပူးပေါင်းဆောင်ရွက် ရေး၊ ရုပ်သံဇာတ်လမ်းများ၊ Mobile Application များစသည့် ခေါင်းစဉ်(၁၃)မျိုး ပူးတွဲသင်ကြားပေးမည်ဖြစ်၍ အခြေခံစာတတ်မြောက်ရေးအပြင် နိုင်ငံ့သားကောင်းဖြစ်ရေးကိုလည်း ဦးတည် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်များအား ဧပြီလ(၆) ရက်နေ့မှ မေလ(၁၅)ရက်အထိ တစ်နေ့လျှင် (၃)နာရီဖြင့် ရက်ပေါင်း(၄၀) အချိန်ယူ၍ ဆောင်ရွက် သွားမှာဖြစ်ပြီး မြို့နယ်အဆင့် စာတတ်မြောက်မှုအကဲဖြတ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ လုပ်ငန်းကော်မတီဝင်များကလည်း စာသင်ဝိုင်းများအထိ ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံစာတတ်မြောက်ရေးတွင် ပါဝင်ပတ်သက်ကြသူများအားလုံးက အခြေခံစာတတ်မြောက် ရေးလုပ်ငန်း အစီအစဉ်များကို လျာထားချက်ကျော်လွန်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းစဉ်များနှင့် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် နည်းလမ်းများ ကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွင်း အခြေခံစာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရာလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အာရှနှင့် ပစိဖိတ်ဒေသယဉ်ကျေးမှုဆိုရာ ယူနက်စကိုအဖွဲ့ရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း တင်ဆက်သည့် အခြေခံစာတတ်မြောက်ရေးအထိမ်းအမှတ် “မနီပြုံးနိုင်ပြီ” အသိပညာ Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဝထကလသ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးမည့် နည်းပြဆရာ/ ဆရာမများ၊ ကြီးကြပ်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)