ဘိုကလေး ဧပြီ ၆
ပူပြင်းခြောက်သွေ့သောနွေရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးကြတ်မတ်မှုလုပ်ငန်းများအား အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ(၅)ရက် နေ့လယ်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံ စာတတ်မြောက်ရေးနည်းပြသင်တန်း တက်ရောက်နေကြသော ဆရာ/မများအားလည်းကောင်း၊ ညနေ(၃)နာရီ အချိန်၌ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၌လည်းကောင်း မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးလောင်မှု ကြိုတင်ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ၊ မီးလောင်မှု မဖြစ်ပွားစေရးအတွက် ပြည်သူများအနေဖြင့် ရှောင်ရှားရမည့် အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အကျယ်တဝင့် အသိပညာပေး လမ်းညွှန်ဟောပြောခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)