ဘုတ်ပြင်း ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က-ဘုတ်ပြင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဘုတ်ပြင်းခရိုင် စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ဒေသခံပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများ၊ စာတတ်မြောက်စေရေးအတွက် ရည်ရွယ်ချက်ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရမှ အဆင့်ဆင့်စီမံ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် နည်းပြသင်တန်းများပို့ချပေးပြီး မြို့နယ်နည်းပြများမှတဆင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်အခြေခံစာတတ်မြောက်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် စာတတ်မြောက် ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများ၊ သင်တန်း သား၊ သင်တန်းသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကို ဘုတ်ပြင်းခရိုင်အတွင်းရှိ သင်တန်းသားဆရာ/မ(၂၀) ဦး တက်ရောက်ခဲ့ကြ၍ ဧပြီလ(၆) ရက်မှ(၈)ရက်အထိ ဖွင့်လှစ်သွား မည်ဖြစ်ကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ခန်းစာများကို သင်တန်းနည်းပြ(၁)ဦးမှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအတွက် မြို့နယ်များအလိုက် ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလမှ မေလအထိ ရက်ပေါင်း(၄၀) ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်းခရိုင်အတွင်း စာမတတ်သူ (၃၀၀)ဦးခန့်ကို စာတတ်မြောက်အောင် သင်ကြားပေးရန်လျာထားပြီး စာသင်ဝိုင်း(၂၀)ဝိုင်း၊ နည်းပြ (၂၀)ဦးနှင့်ကြီးကြပ်(၂)ဦးတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)