ဟားခါး ဧပြီ ၆
ဟားခါးမြို့နယ်တွင် ဝဥတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဟားခါးမြို့နယ်ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့်အထွေထွေစီးပွားရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဟားခါးမြို့နယ်တွင် ဆောင်ရွက်မည့် ဝဥတန်ဖိုးမြှင့်ကုန်ထုတ်စီမံကိန်းသည် ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် ရေးဆွဲသည့်စီမံကိန်းဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် ငွေကြေးပမဏများစွာ ရင်းနှီးရမည့်စီမံကိန်းဖြစ်ပြီး ဝဥစိုက်တောင်သူများ ဝန်ထုတ် ဝန်ပိုးမဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ထုတ်၊ ပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစည်းအဝေးတက်ရောက်လာကြသည့် ဝဥစိုက်ပျိုး ရေးကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းစုဝင်များ၊ ဝဥစိုက်တောင်သူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ပွင့်လင်းလင်းအကြံပြုဆွေး နွေးတင်ပြကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ဝဥတန်ဖိုးမြှင့်ကုန်ထုတ်စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြပြီး ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဟားခါးမြို့နယ်တွင် ဆောင်ရွက်မည့် ဝဥတန်ဖိုးမြှင့်စီမံကိန်းအကြောင်းအရာများနှင့် ပတ်သက်၍ လည်းကောင်း၊ ဟားခါးမြို့နယ် ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဆန်အုပ်မန်းက ဟားခါးမြို့နယ် ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ စီမံကိန်းတစ်နှစ်တာအတွင်း ငွေကြေးစီးဆင်းမှု အခြေအနေပြည်နယ်သမဝါယမဦးစီးဌာနမှ စာရင်းကိုင်တစ်ဦးကလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ်အစည်းအဝေးတက်ရောက်လာကြသည့် ဝဥစိုက်တောင်သူများက မေးမြန်းလိုသည့်အချက်များနှင့် စီမံကိန်းအပေါ် ကြိုဆိုဝမ်းမြောက်စကားများ ပြောကြားပြီး မေးမြန်းချက်များအပေါ် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာ ဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)