မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့် "စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက "စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာစာအုပ်မှ "ဘယ်တော့မှစိတ်ဓာတ်မကျနဲ့" ‌ခေါင်းစဥ်ပါ အကြောင်းအရာများအား လည်း‌ကောင်း၊ (Women Club) အဖွဲ့ဝင် ဒေါ်သင်းသင်းစိန်က "နှင်းဆီနီနီ‌လေးတွေနွမ်း‌စေချင်" ခေါင်းစဉ်ပါအကြောင်းအရာများအား လည်းကောင်း၊ (Women Club) အဖွဲ့ဝင်ဒေါ်သစ်သစ်က "မိန်းမဂုဏ်ရည်" ခေါင်းစဥ်ပါ အကြောင်းအရာများအား လည်း‌ကောင်းဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် လူအပါအဝင်သက်ရှိအားလုံး မိမိကျင်လည် ကျက်စားရာဘုံဘဝတွင် တစ်ဦးတစ်ယောက်တည်း ရပ်တည်၍ မရကြောင်း၊ လူမှုဘဝနယ်ပယ်တွင် အချင်းချင်းစာနာမှု၊ အလိုက်သိမှုများဖြင့် ဟန်ချက်ညီညီပြုမူနေတတ်ပါမှ အဆင်ပြေပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း စသည့်ဗဟုသုတများစွာ ရရှိမည်ဖြစ်သည့်အတွက် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)