မင်းလှ ဧပြီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဧပြီ ၅ ရက် နေ့လယ် ၃ နာရီ ၁၀ မိနစ်ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး မျိုးသန့်မျိုးပွားစိုက်ခင်းအား ဓာတ်မြေဩဇာကြဲပတ်ခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်အဖွဲ့သည် ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာအနီးရန်ကုန်-ပြည်ကားလမ်းဘေး ဦးပိုင်အမှတ် (၃၁) ၊ ကွင်းအမှတ် ၁၁၀၅(W)၊ တောင်သူဦးမျိုးလွင်၏ လယ်မြေ (၁၀)ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် ဘောင်ပျိုးစနစ် ပျိုးထောင်စိုက်ပျိုးထားသည့် (နှံကောက်ထွန်းစပါးမျိုး)မျိုးသန့်မျိုးပွား နွေစပါးစိုက်ခင်းအား သဘာဝဓာတ်မြေဩဇာနှင့် ပုလဲဓာတ်မြေဩဇာကြဲပတ်ခြင်းကို ကြည့်ရှု့အားပေးကာ မျိုးကောင်းမျိုးသန့်များ အထွက်နှုန်းကောင်း မွန်စွာထွက်ရှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ်၊ နွေစပါးမျိုးဧက(၁၂၈၉၄) စိုက်ပျိုးထားရှိပြီး စပါးမျိုးများမှာ ရတနာတိုး၊ ရက်ကိုးဆယ်၊ ထိုင်းနှံကောက်၊ YSR-1 တို့ဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)