ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၁ နာရီက ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထွေးထွေးခိုင်က ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်ရွယ်၊ အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးငယ်၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ် သမားအများဆုံးတွေ့မြင်ရသည့် နေရာများ၊ ကလေးအလုပ်သမားအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များက ကလေးအလုပ်သမား ပ‌ပျောက်ရေး နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)