သာပေါင်း ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများနှင့်လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရန်၊ စာမတတ်သူပပျောက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်စာဖတ်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပြည်သူများအား အသိပညာဖွင့်ပေးသော မွန်မြတ်သော လုပ်ငန်းဖြစ်သည့်အတွက် လေးလေးနက်နက် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီးနောက် အခြေခံစာတတ်မြောက်ရေး Video Clip အား Projector ဖြင့် ပြသခဲ့သည်။
ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား) သင်တန်းကို ကြီးကြပ်ဆရာ(၆)ဦး၊ နည်းပြဆရာ(၄)ဦးတို့က အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၅၂)ဦးတို့ကို (၅.၄.၂၀၂၄ မှ ၇.၄.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)