မင်းဘူး ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-ငဖဲ ကားလမ်းဘေး လေးပင်ကျေးရွာတွင် ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ အားကစားတိုက်တန်းနေသူ ဦးတင်စိုး (သ) ၅၄ နှစ် (ဘ) ဦးဘုန်းဝင်းမော်၏ စိန်ဖူး စားသောက်ဆိုင်ဟောင်းတစ်လုံး၊ လူနေတည်းတစ်လုံးနှင့် တိရစ္ဆာန်ထားသည့် တည်းတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ပိုင်ရှင် ဦးတင်စိုး၏ မြေစိုက် ၁၅ ပေ၊ ၂၀ ပေ တိရစ္ဆာန်ထားသည့် တည်းတစ်လုံး၊ ခန့်မှန်းဆုံးရှုံးတန်ဖိုး ကျပ် ၂၂၅,၀၀၀၊ ၂၀ ပေ၊ ၂၀ ပေ သက်ငယ်မိုး ထရံကာ လူနေတည်းတစ်လုံး ခန့်မှန်းတန်ဖိုး ကျပ် ၁,၁၂၅,၀၀၀၊ ၁၀၀ ပေ၊ ၅၀၀ ပေ သက်ငယ်မိုး မြေစိုက် စားသောက်ဆိုင်ဟောင်းတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မီးလောင်နေမှုအား မင်းဘူးမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စကုနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ရွှေစက်တော်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ညနေ ၄ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
ဇေယျာထက်(ပြန်/ဆက်)