မကွေး ဧပြီ ၆
သဲဖြူ-မဟာမြိုင်-ချောင်းဖျားတောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သာသနာ့ဘောင်သို့ သွတ်သွင်းရန် မကြုံကြိုက်သေးသည့် လူငယ်လူရွယ်များအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရှင်သာမဏေလောင်းလျာ (၅၆၀၂) ပါးသည် ၎င်းတို့၏ အုပ်ထိန်းသူ(၅၄၇၂)ဦး ၊ ရှင်သာမဏေကြီးကြပ်သူ (၁၃၂၈)ဦးတို့နှင့်အတူ ရွှေရောင်တော်ဘုရား ပရဝုဏ်အတွင်းရှိ ဗဟိုမဏ္ဍပ်၌ စုံလင်စွာ ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ ရှင်သာမဏေလောင်းများအား သာသနာ့ဘောင်သို့ သွတ်သွင်းရန်အတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် ကြို/ပို့ဆောင်ရွက်ခြင်း၊ မဏ္ဍပ်အတွင်း၌ ကြိုတင်နေရာချထားခြင်း၊ အဘိဓမ္မာသင်တန်းဆရာမ ဒေါ်ခင်သန္တာဦးက ရှင်သာမဏေများအား ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားပို့ချနိုင်ရေး သက်ဆိုင်ရာမြို့နယ်များမှ ဆရာမများအား ဆင့်ပွားသင်တန်းပို့ချပေးခြင်း၊ ရှင်ပြုပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရန် ရှင်သာမဏေလောင်းလျာများကို သင်္ကန်းတောင်းကြိုတင်လေ့ကျင့်ခြင်း၊ ပရိက္ခရာရှစ်ပါး စုံလင်စွာ ပြင်ဆင်ထားရှိခြင်း၊ လာရောက်ကြသည့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့မှ ဌာနဆိုင်ရာအသီးသီးက သက်ဆိုင်ရာ ကော်မတီအလိုက် ကျရာတာဝန်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးတွင် ရှင်အပါး (၅၆၀၂)ပါး ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ဧပြီလ ၆ ရက်နေ့တွင် သာသနာ့ဘောင် သွတ်သွင်းခြင်း၊ သံဃာတော် အရှင်သူမြတ်များနှင့် ရှင်သာမဏေများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ညနေပိုင်းတွင် ပျူခေတ်အနုပညာ အကအလှများဖြင့် ဖျော်ဖြေခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် ဧပြီလ ၇ ရက်နေ့တွင် သံဃာတော် အရှင်သူမြတ်များနှင့် ရှင်သာမဏေများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချ တရားတော်နာယူခြင်းများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)