ကသာ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားများ သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က ခရိုင်ကြက်တောင်အားကစားရုံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားများ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က နိုင့်ငံ့တော်အစိုးရမှ အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အားပေး မြှင့်တင်လျက်ရှိကြောင်း၊ လူငယ်ရေးရာဝန်ကြီးဌာနအနေနှင့်လည်း မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ ကသာခရိုင်အနေဖြင့် နိုင်ငံတော်ရဲ့ အားကစားမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုး ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များ စာရိတ္တနှင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အားကစားသမား လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေး၊ လူငယ်လူရွယ်များ အားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ သင်တန်းတွင် နည်းပြများ သင်ကြားပို့ချချက်များကို ကြိုးစားသင်ယူရင်း လေ့ကျင့်မှုများ ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစားလေ့ကျင့်ပြီး ကျောင်းအဆင့်၊ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်ကနေကသာမြို့၏ အစဉ်အလာမပျက် နိုင်ငံတော်မှအားထားရသည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဆင့်ထိ ရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင့်နှင့် အဖွဲ့ဝင်များက သင်တန်းဆင်းလက်မှတ်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် လက်ဝှေ့သင်တန်းသား/သင်တန်းသူများနှင့် Fitness Dance သင်တန်းသား/သင်တန်းသူများက သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူများ၏ သရုပ်ပြသမှုများအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် နွေရာသီအားကစားသင်တန်းများကို မတ်လ(၁၁)ရက်နေ့မှ ဧပြီလ (၅)ရက်နေ့အထိ သင်တန်းကာလ (၁)လအတွင်း ဘောလုံး၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ Tennis၊ဘော်လီ ဘော၊ ကြက်တောင်၊ ကာယဗလ/အလှနှင့် Fitness dance တို့တွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၃၀)ဦးကျော် တက်ရောက် သင်ကြားခဲ့ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့မြင့်ထံမှ သိရသည်။
ကျော်စွာထွန်း(ကသာ)