မော်လိုက်မြို့၌  ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မော်လိုက်  ဧပြီ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးသက်သာချောင်ချိစေရန် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက စုပေါင်းရုံးရှေ့၌ ရောင်းချပေးခဲ့သည်။

စားအုန်းဆီများကို ရောင်းချပေးရာတွင် စားအုန်းဆီ တစ်ပိဿာကို(၇၀၀၀)ကျပ်နှုန်းဖြင့် ဝန်ထမ်းများကို တစ်အိမ်ထောင်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး  ဒေသခံပြည်သူများကို  တစ်အိမ်ထောင်စုလျှင် နှစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ရာ စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြပြီး ဝန်ထမ်းအိမ်ထောင်စု (၃၃၀)စုနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စု (၁၆၅)စုတို့ကို စုစုပေါင်း စားအုန်းဆီ ပိဿာ (၆၆၀) ရောင်းချပေးခဲ့သည်။ ထို့သို့ ရောင်းချနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းတို့က လိုက်လံကြည့်ရှုခဲ့ကြသည်။

အလားတူဧပြီလ ၄ရက်နေ့ နံနက်ပိုင်းကလည်း စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝန်ထမ်းအိမ်ထောင်စု (၂၂၀)စုနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စု(၁၆၅)စုတို့ကို စုစုပေါင်း စားအုန်းဆီပိဿာ(၅၅၀)ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)