ဟုမ္မလင်း ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာ အခြေခံ Grammar သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဧဆက်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ သင်တန်းနည်းပြဆရာ အ-ထ-က နမ့်တောကျောင်းအုပ်ဆရာကြီး ဦးဘဝယ်က သင်တန်းသား/သူများအားဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကာလအတွင်း ထူးချွန်ဆုရရှိသူ (၃)ဦးကို ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးကလည်းကောင်း၊ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်းကာလအတွင်း ထူးချွန်ဆုရရှိသူ(၃)ဦးကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းနည်းပြဆရာ/မများက အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းနည်းပြဆရာ/မများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို မြို့နယ်ဦးစီးအရာရှိ ဦးဧဆက်က ပေးအပ်ခဲ့ပြီး၊သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြကြောင်းနှင့် တက်ရောက်လာသူများက သင်တန်းကာလအတွင်း သင်တန်းသား/သူများ၏ ရေးဆွဲခဲ့သည်ပန်းချီလက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၄) ရက်နေ့အထိ သင်ကြားဖွင့်လှစ်ခဲ့ပြီး၊ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းသား/သူ(၆၄)ဦး၊ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း(၃၀)ဦး စုစုပေါင်း(၉၄)ဦးတက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ/မများသင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)