ဇီးကုန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဇီးကုန်း ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် မဟာသင်္ကြန်ပွဲ‌တော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့များအနေဖြင့် မိမိတို့ကျရာတာဝန်များအလိုက် အချင်းချင်းညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယမန်နှစ်ကလည်း စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ်တွင် ပိုမိုစည်ကားစွာ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)