ပန်းတောင်း ဧပြီ ၅
နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးသူငယ်များ စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖြတ်ထိုးဉာဏ်များကောင်းမွန်လာစေရန်၊ ရဲဝံ့စွာရှေ့သို့ထွက်၍ ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင်လည်း စာအုပ်၊ စာပေများလေ့လာဖတ်ရှုကြရန် အမှာစကားပြောကြားခဲ့ပြီး စာစီကုံးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများကို ပြောကြားကာ ပြိုင်ပွဲကျင်းပခဲ့ရာ မင်းရပ် ရပ်ကွက်မှကျောင်းသား၊ ကျောင်းသူ (၁၄) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)