ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ရေတာရှည် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ကဲလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာ ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်  မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုများမရှိစေရေး၊ လတ်တလောဖြစ်ပေါ်နေသည့် ဥပဒေနှင့်ပတ်သက်၍ ကောလဟာလများအပေါ်  ယုံမှားသံသယများမဖြစ်ပေါ်စေရေးနှင့် ဥပဒေနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)