ကျုံပျော်၌ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဆန္ဒမဲပေးနိုင်ရေး အိမ်တိုင်ရာရောက် လိုက်လံ ဆောင်ရွက်

 ကျုံပျော် နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဆန္ဒမဲ ပေးနိုင်ရေးကို သက်ဆိုင်ရာမဲရုံများအလိုက် အိမ်တိုင်ရာရောက်ဖြင့် ယမန်နေ့တွင်  လိုက်လံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်နှင့် အခက်အခဲမရှိ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်‌ပေးခြင်း ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိဆောင်ရွက်ခဲ့ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးမှုကို မဲရုံသို့ လာရောက်မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ကျုံ​ပျော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၉၀၁၄၉)ဦး ရှိပြီး မြို့နယ်အတွင်း မဲရုံ​ပေါင်း (၂၃၃)ရုံဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

​နေဝင်းမြင့် (ကျုံ​ပျော်)