ပုလဲ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ၃ဦး သည် ကိုဗစ်-၁၉ရောဂါလက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာ၍ ယမန်နေ့ နေ့လည် ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁)ဦးနွယ်မင်းက “ ကျွန်တော်တို့ မြို့နယ် မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၃၀ရက်နေ့ ထုတ်ပြန်ချက်အရ ကျွန်းဘိုကုန်းကျေးရွာ Quarantineမှာ ထားရှိတဲ့ အသက် ၆၀နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၂၇နှစ် အရွယ်အမျိုးသားတစ်ဦး၊ကြာစီကျေးရွာQuarantineမှာ ထားရှိတဲ့ အသက်၁၈နှစ်အရွယ် အမျိုးသားတစ်ဦးစုစုပေါင်း၃ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်လို့ ကျေးရွာQuarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင် ၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward၌ ထားရှိပြီး ကျန်းမာ ရေး စောင့်ရှောက်ကုသမှုများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ကိုဗစ်-၁၉ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ ရက်မှ စ၍ ၁၀ရက်အတွင်း လူနာ၃ဦးဟာ ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်နေတဲ့အတွက်ကြောင့် ယနေ့နိုဝင်ဘာ ၅ရက်၊ နေ့လည်ပိုင်းမှာမြို့နယ်ပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့ အမျိုးသမီး တစ်ဦးနဲ့အမျိုးသားနှစ်ဦးကို ကျန်းမာရေး ဝန်ထမ်းများက နှုတ်ဆက်အားပေးစကားများ ပြောကြား၍ ဆေးရုံဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါတယ်။၎င်းတို့ ၃ ဦးအနေနဲ့ ကျေးရွာများသို့ ပြန်လည်ရောက်ရှိချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်များနှင့်အညီ Home Quarantine( ၇ )ရက် နေထိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၄ ဦးရှိသည့်အနက် လူနာတစ်ဦးမှာ နိုဝင်ဘာ ၁ရက်နေ့တွင် လည်းကောင်း၊ကျန်ရှိသည့် လူနာ၃ဦးသည် နိုဝင်ဘာ၅ရက်နေ့တွင် လည်း ကောင်း ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းခွင့် ရရှိခဲ့သောကြောင့် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်း ရရှိသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)