ဓနုဖြူမြို့နယ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်လှစ်

ဓနုဖြူ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဓနုဖြူမြို့နယ် အခြေခံစာတက်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဓနုဖြူမြို့နယ် အခြေခံစာတက်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး "မနီကလေးပြုံးနိုင် လေပြီ"ဇာတ်လမ်း video Clip အား Projector ဖြင့်ပြသခဲ့သည်။

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမ (၃၄) ဦးတက်ရောက် သင်ကြားပြီး၊ အဆိုပါသင်တန်းကို ဧပြီလ (၅) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)