ဇီးကုန်း ဧပြီ ၅
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူအားလုံး အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တွင် တက်ရောက်ခဲ့သော ဆရာ၊ ဆရာမများနှင့် မြို့နယ်အတွင်းပြန်လည်သင်ကြားမည့် ဆရာ၊ ဆရာမများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့သည်။ ထို့နောက် နတ်တလင်းခရိုင်နည်းပြဆင့်ပွားသင်တွင် တက်ရောက်ခဲ့သော ဆရာ၊ ဆရာမများမှ ၎င်းတို့သင်ယူခဲ့မှုများကို ပြန်လည်ဆွေးနွေးပို့ချခဲ့ကြသည်။
ဇီးကုန်းမြို့နယ်အတွင်း ကျေးလက်နှင့်မြို့ပေါ်တွင် ငယ်စဉ်က ပညာကိုမသင်ကြားခဲ့ရသော လူငယ်လူရွယ်များ၊ သက်ကြီးရွယ်အိုများ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူတိုင်းစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၁၁)ဝိုင်းသတ်မှတ်၍ ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဆရာ ဆရာမများက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)