၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲဆိုင်ရာ ကြိုတင်ဆန္ဒမဲလက်မှတ်များ လုံခြုံရေးနှင့် ရွေးကောက်ပွဲနေ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပုသိမ် နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် အတွင်းရှိ မဲရုံပေါင်း ၂၀၀ မှ မဲဆန္ဒရှင်စာရင်းများ စိစစ်လက်ခံဆောင်ရွက်နိုင်ရန် ပုသိမ်မြို့နယ် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတိုက်နယ်များအလိုက် ဖွဲ့စည်း တာဝန်ခွဲဝေဆောင်ရွက်သွားမည့် ကိစ္စရပ်တို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီအချိန်က ပုသိမ်မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲရုံလုံခြုံရေး၊ ဆန္ဒမဲလက်မှတ်များကို ရပ်ကျေးများမှ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သယ်ဆောင်ရာတွင် ဘေးကင်းလုံခြုံ​စေ​ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပုသိမ်မြို့နယ် မဲဆန္ဒရှင်စာရင်းတွင်ပါရှိသော အခြားသော တိုင်းနှင့်ပြည်နယ်များမှ လာရောက်ဆန္ဒမဲ ပေးမည့်သူများရှိပါက ဆောင်ရွက်သွားရှိရေးတို့နှင့် စပ်လျဉ်း၍ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ဆွေးနွေးသည်။

ထို့​နောက် ပုသိမ်မြို့နယ်အဆင့် ရွေးကောက်ပွဲအဖွဲ့ခွဲတွင်ပါရှိသည့် ဌာနဆိုင်ရာများက ကြိုတင် ဆောင်ရွက် ထားရှိသင့်သော အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငွေစိုးက ရွေးကောက်ပွဲနေ့တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး၊ မဲလက်မှတ်လုံခြုံရေး ကိစ္စများနှင့်ပတ်သက်၍ ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရာဇာအေးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများက လုံခြုံ​ရေး အစီအမံများနှင့် ပတ်သက်၍ ​ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပုသိမ်ခရိုင်၊ပြန်/ဆက်)