ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် (ဆင့်ပွား) နည်းပြသင်တန်းဖွင့်လှစ်

ရေကြည် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် (ဆင့်ပွား) နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်ကတေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်‌အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာ​ရေးမှူးဆရာကြီးဦးကျော်နိုင်က နွေရာသီကျောင်းပိတ်ရက်တွင် ယခင် “အ” သုံးလုံးကျေသင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းအမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်သွားမည့်ရည်ရွယ်ချက် (၅) ချက်နှင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာမတတ်ခြင်းကြောင့် သိမ်ငယ်အောက်ကျခြင်း မဖြစ်အောင်စာမတတ်သူပပျောက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ပေါင်းစပ်ညှိ့နှိုင်း အလေးထားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ (ဆင့်ပွား) သင်တန်းကို ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၅) အုပ်စု၊ စာသင်ဝိုင်း (၇၈) ဝိုင်း ၊ စာသင်သား (၈၀၃) ဦးတို့ကိုတစ်နေ့ကို (၃) နာရီဖြင့်ရက်ပေါင်း (၄၀) သင် ကြားပို့ချသွားမှာဖြစ်သည့်အတွက် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များအားယခုလိုသင်တန်း (၃) ရက်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)