မြဝတီ ဧပြီ ၅
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြီး ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ သာသနာ့သုခကာရီ ဓမ္မဗိမာန်တော်၌ စတင်ကျင်းပသည်။
အဆိုပါစာမေးပွဲကို မြဝတီမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ပထမကြီးတန်း သံဃာ၁၃ပါး၊ ပထမလတ်တန်း သံဃာရှစ်ပါးနှင့် သီလရှင်သုံးပါး၊ ပထမငယ်တန်း သံဃာတော် ၂၂ ပါးနှင့် သီလရှင် ၁၉ ပါး၊ အခြေပြုမူလတန်းသံဃာ ၆၉ ပါးနှင့် သီလရှင် ၂၈ ပါး၊ စုစုပေါင်းသံဃာတော် ၁၁၂ ပါးနှင့်သီလရှင် ၅၀ ပါး တို့က ဧပြီလ ၃ ရက်မှ ၉ ရက်နေ့ထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် ဩဝါဒစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်သာသနာရေးဦးစီးဌာနမှူး ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)