ဝါးခယ်မ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ နေ ပြည်သူများအား အခြေခံစာတက်မြောက်စေရန် ရည်ရွယ်၍ ဤကဲ့သို့ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန္တာအောင်က အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်ဆင့်နည်းပြဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် ထိုသင်တန်းကို ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စားရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)