ဘိုကလေး ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၈)နာရီ အချိန်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း (မြို့နယ်အဆင့်)အား စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများတက်ရောက်ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုဆောင်ရွက်ကြမည့် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်ကမူလတန်းပညာ ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ စာတတ်မြောက်စေရေး၊ လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက်စာတတ်မြောက်မှု တိုးတက် စေရေးအတွက် အထောက်အကူ ဖြစ်စေရေး ယခုနည်းပြသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ထောက်ပံ့ငွေ (၄၆၀၀၀၀) ကျပ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ထောက်ပံ့ငွေ(၁)သိန်းကျပ်တို့အား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်သည့် စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းသို့ နည်းပြအဖြစ်ဆောင်ရွက်ကြမည့် အခြေခံပညာဆရာ/မ (၁၁၅)ဦး၊ ကြီးကြပ်(၁၂)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ နည်းပြများက ယနေ့ ဧပြီ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ (၃)ရက်တိုင်တိုင်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဧပြီ(၈)ရက်နေ့မှ စတင်ကာ ယခုသင်တန်းဆင်းကြသည့်နည်းပြ (၁၁၅)ဦးကမြို့နယ်အတွင်း၌ စာသင်ဝိုင်း(၁၁၅)ဝိုင်းဖွင့်လှစ်ကာ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသား ပြည်သူများအား မေလ(၈)ရက်နေ့အထိ အခြေခံစာတတ်မြောက်ရေးအတွက် ပြန်လည်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)