ပလောက် ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းတောင်ကျေးရွာ အုတ်ဖိုလုပ်ငန်းတွင် သဘာဝမှ ထွက်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် လက်ရိုက်အုတ်များကို အရည်အသွေးကောင်းသဖြင့် ဝယ်လိုအားမြင့်ကာ စျေးကောင်းလည်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ အုတ်ဖိုလုပ်ငန်းကို နိုဝင်ဘာလမှ သင်္ကြန်ပြီးသည့် တန်ခူးလအကုန်ထိ အုတ်ဖိုလုပ်သား ၁၅ ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုလို ပွင့်လင်းရာသီ စပါးပေါ်ချိန် ပဲပေါ်ချိန် ငွေစုဆောင်းမိချိန်တွင် အိမ်ဆောက်သူ များပြားလာပြီး အခြားဆောက်လုပ်ရေးလုပ်ငန်းများ လည်းလုပ်ကိုင်မှုများပြားခြင်းကြောင့် အုတ်ဖိုမှ အုတ်များကို မှာယူသူမြင့်တက်ကာ ပလောက်မြို့အတွင်း သာမက ကျေးရွာများအထိ တင်ပို့နေရကြောင်း အုတ်ဖိုလုပ်ငန်းပိုင်ရှင် ဦးနိုင်လင်းက ပြောသည်။
အုတ်ဖိုလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ၂၀၂၀ ခုနှစ်ကပင် စတင်လုပ်ကိုင်ခဲ့ရာ လေးနှစ်ကျော်ရှိပြီး အုတ်ဖို၌ အလုပ်သမား စုစုပေါင်း (၁၅)ဦးရှိကာ လုပ်အားခအနေဖြင့် တစ်ဦးကို တစ်သောင်းမှ တစ်သောင်းသုံးထောင်ကျပ်ထိ ပေးရပြီး အုတ်ဖိုအနီးပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရသည့်အတွက်လည်း အသေးစား၊ အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးကူညီပြီး လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ နေ့စဥ်ရရှိစေပါသည်။ အုတ်ဖိုမှ တစ်ရက်လျှင် အုတ်အလုံးရေ (၇၀၀၀)ခန့်ထွက်ရှိကာ တစ်လုံးလျှင် တစ်ရာကျပ်မှ တစ်ရာနှစ်ဆယ်ထိ စျေးနှုန်းမြင့်တက်ကာ မှာယူလိုသူများပြားသဖြင့် လက်ရှိအုတ်ဖိုလုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်း အုတ်ဖိုလုပ်ငန်းပိုင်ရှင် ဦးနိုင်လင်းထံမှ သိရသည်။
နှင်းမြူလွင်