ပြည် ဧပြီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်းမြို့နယ်ရုံးများရှိ ဝန်ထမ်းများအား တစ်ဦးချင်းအရည်အသွေးများတိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၃) ရက်နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ဝန်ထမ်းများအား မိမိဌာနလုပ်ငန်းများကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ရေးအတွက် ထိထိရောက်ရောက် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်နှင့် ဝန်ထမ်းများအားလုံး အမြဲမပြတ်လေ့လာသင်ယူမှုများ ဆောင်ရွက်ရန် အမှာစကားပြောကြားပြီး ရုံးလုပ်ငန်းသဘောတရားနှင့် ဝင်စာထွက်စာများ အရေးယူဆောင်ရွက်ခြင်းအား ဆွေးနွေးပို့ချပေးသည်။
ဆက်လက်ပြီး သင်တန်းဒုတိယနေ့အဖြစ် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ရုံးစာရေးသားနည်းဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေးပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်း ခရိုင်နှင့် မြို့နယ်ရုံးများမှ အရာထမ်း/အမှုထမ်းစုစုပေါင်း (၂၅) ဦးတက်ရောက်ကြပြီး သင်တန်းတွင် ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊ ပစ္စည်းမှာယူထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ လုပ်ငန်းစီမံချက်ရေးသားခြင်း၊ ရုံးလုပ်ငန်းများစစ်ဆေးခြင်း၊ ရုံးလုပ်ငန်းများကွပ်ကဲခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်း၊ ငွေစာရင်းထိန်းသိမ်းနည်း စသည့်ဘာသာရပ်များကို ဧပြီ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)