ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲတောင့်ရှည် စိုက်ပျိုးခြင်းဖြင့်မိသားစုဝင်ငွေရရှိ

ကျွန်းလှ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲတောင့်ရှည် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

“ကျွန်တော် ချောင်းရေတင်ပြီး တိုင်ထောင်ပဲတောင့်ရှည်အပင် ၅၀၀ ကျော်စိုက်ပျိုးခဲ့ပါတယ်။ စတင်စိုက်ပျိုးချိန်မှ အသီးဆွတ်ခူးချိန်အထိ ငွေကျပ် ၇၀၀၀၀ ခန့်ကကုန်ကျပါတယ်။ အခုအခါ ပဲသီးတောင့် (၁၅) တောင့်ပါ တစ်စည်းကို ငွေကျပ် ၅၀၀ နဲ့ရောင်းရပါတယ်။ မိသားစုအတွက်တစ်ရက် ငွေကျပ် ၂၀၀၀၀ ကျော် ဝင်ငွေရရှိနေပါတယ်” ဟု ရှမ်းစုရွာ ပဲတောင့်ရှည်စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ပန်းမျိုးစုံစိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကြ၍ မိသားစုဝင်ငွေရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)