ငပုတောမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ငပုတော ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျော်သူ၊ အဖွဲ့ဝင်(၁)၊  အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယွန်းရွှေရည်မြင့်နှင့် သင်တန်းသား၊ သင်တန်းသူများကို တက်ရောက်ကြသည်။

ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီးအဆင့်  (၂၆)မြို့နယ် ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲတွင် ပထမဆုရရှိသော အေရိုးဗစ်အကအဖွဲ့မှ ကပြ‌ဖျော်ဖြေနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ ဘောလီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကြက်တောင်ရိုက်၊ အေရိုးဗစ် စသည့် သင်တန်းများတွင် ဆုရရှိ‌ကြသော သင်တန်းသူ၊ သင်တန်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ငပုတောမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမနှင့်  မြို့နယ်အားကစားကွင်းတို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)