ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

ကျိုက်လတ် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျိုက်လတ်-မအူပင်ကား လမ်းဘေးရှိ ဖွံ့ဖြိုးအောင် စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇေယျာမင်းက မြို့နယ် အတွင်းရှိ စက်ရုံအလုပ်ရုံများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက် များ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာမင်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ ခဲ့ရာ ဖွံ့ဖြိုးအောင် စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်