ဂန့်ဂေါ နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် (Quarantine) ဝင်ရောက်နေသည့် မဲဆန္ဒရှင်များ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့ GTC (Quarantine Centre)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် ဂန့်ဂေါမြို့ GTC (Quarantine Centre)တွင် Quarantine ဝင်ရောက် နေသည့် မဲဆန္ဒရှင်(၃၂)ဦးတို့က မဲဆန္ဒရှင်ပါဝင်သည့် ရပ်ကွက်/ကျေးရွာအလိုက် မိမိတို့၏ ဆန္ဒသဘောထား အတိုင်း ကြိုတင်ဆန္ဒမဲများပေးကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဂန့်ဂေါမြို့ GTC (Quarantine Centre)မှ တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)