တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများအပါအဝင် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စနစ်တကျအကောင်အထည်ဖော်နိုင်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏စီမံကိန်းဥပဒေပါ စီမံကိန်းရည်မှန်းချက်များ တိုးတက်မှုနှုန်းကိုရရှိစေရန် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းအဖွဲ့အစည်းများက သတ်မှတ်ကာလအတွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုကျပ် (၁၀၀,၅၃၇.၄၂၄) သန်း အဆိုပြုလျာထားခဲ့ပြီး စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၃၄) ခု၊ သောက်သုံးရေရရှိရေးလုပ်ငန်း (၃၂)ခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း (၈၂)ခု၊ လမ်းလုပ်ငန်း(၂၆၇) ခု၊ တံတားလုပ်ငန်း (၁၁၇) ခုတို့အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ရန်လျာထားခဲ့ကြောင်း၊ တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝတိုးတက်မြှင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက်တွင် လုပ်ငန်းများအောင်မြင်ရေးအတွက် စီမံကိန်းရည်မှန်းချက်များကို ယခုထက်တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ရရှိပြီးဖြစ်သည့်တိုးတက်မှုများကို အရှိန်အဟုန်မပျက်စေဘဲ ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ဒေသန္တရစီမံကိန်းရည်မှန်းချက် GDP တိုးတက်မှုနှုန်းများ ပြည့်မီကျော်လွန်စွာ အကောင်အထည်ဖော်နိုင်ရန် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်များက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ၊ စိန်ခေါ်မှု၊ အားနည်းချက်၊ အားသာချက်များ၊ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိတ်သစ်လူသစ်အားမာန်သစ်ဖြင့် ရှေ့သို့လှမ်းချီပန်းတိုင်ဆီသို့ဆိုသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက်လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးတင်မြင့်က  စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးတို့က  လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများနှင့် သက်ဆိုင်သောတိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)