ပိုင်ကျုံ ဧပြီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ပရဟိတ မြို့မသာသနာပြုကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပရာ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာအလှူရှင်များက ဆွမ်းဆန်၊ ဆီ၊ မုန့်၊ ဆပ်ပြာ၊ ဆေးဝါးများ၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့် အသုံးအဆောင်များကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ရွှေတိဂုံ ပုံတူအနှိုင်းမဲ့ ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ ရေစက်သွန်းချ အမျှအတမ်း ပေးဝေသည့် အခမ်းအနားကို ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ ပရဟိတမြို့မ သာသနာပြုကျောင်း၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)