ထားဝယ် ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီး တန်းအပ်သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲသည် နေပြည်တော်၌ ၂၀၂၄ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးကိုယ်စားပြုဘော်လီဘောကစားသမားများ ရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည်ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားသော အားကစားနည်းများထဲက လူအများစိတ်ဝင်တစားအားပေးတဲ့ အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ နေရာအနှံ့အပြား ယှဉ်ပြိုင်ကစားကြသည်နှင့်အမျှ အရေအတွက်မှ အရည်အချင်းနှင့်ပြည့်စုံသောအားကစားသမားလူငယ်များ ဖော်ထုတ်သွားနိုင်ရန်၊ ဘော်လီဘောအားကစားနည်းတစ်ခုကို စိတ်ပါဝင်စားလိုက်စားကစားရင်းဖြင့် လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံပြီး စိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့နိုင်စေရန်၊ ဘော်လီဘောအားကစားကို ပြည်သူတစ်ရပ်လုံး၊ နိုးကြားတက်ကြွစွာအားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သည့်အာကစားသမားများ ပေါ်ထွန်းလာပြီး ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးနှင့် အထောက်အကူပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘော်လီဘောအားကစားနည်းတွင် ၂၀၁၇ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင်အမျိုးသမီးအသင်းအနေဖြင့် ပထမ၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးပြိုင်ပွဲများတွင် တတိယရရှိခဲ့သည်ကို တွေ့ရှိရသည့်အတွက် အောင်မြင်မှုအရှိန်အဟုန်များကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဘော်လီဘောအားကစားသမားအားလုံးက ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း၊ ဘော်လီဘောအားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမျိုးသမီးထားဝယ်အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ သရက်ချောင်းမြို့နယ်အသင်းမှ အနိုင်ရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၆)သင်း၊ အမျိုးသမီး (၁၀)သင်းဖြင့် ဧပြီ(၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)