လက်ပံတန်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးစေရေးနှင့် နိုင်ငံပိုင် အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသန်းလင်းထိုက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လက်ထောက်မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ပုံ၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ပုံတို့ကို ဦးစွာ လက်တွေ့သရုပ်ပြသပေးကာ တက်ရောက်လာသူများကို တစ်ဦးချင်းလက်တွေ့ မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)