ပေါင်းတည်၌ နွေစပါးစိုက်ပျိုးခင်းအတွင်း ပေါင်းမြက်နှုတ်ပယ်မှုလုပ်ငန်း စတင်ဆောင်ရွက်

 

 ပေါင်းတည် ဧပြီ  ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်  နွေစပါးစိုက်ပျိုးခင်းများ၌ ပေါင်းမြက်ကင်းစင်ရေးအတွက် တောင်သူများသည် ပေါင်းမြက်နှုတ်ပယ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ကြကြောင်း သိရသည်။

ယမန်နေ့က မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် သက်တမ်း (၂) လခန့်ရှိနေပြီဖြစ်သော နွေစပါးစိုက်ခင်းများ၏ အခြေအနေများကို လှည့် လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့် တောင်သူများအား ယင်းသို့ နှိုးဆော်ဆောင်ရွက်စေခဲ့ခြင်းဖြစ်​ကြောင်း၊ အရည်အသွေးမီ ပန်းတိုင်အထွက်နှုန်း များ ရရှိစေရေးအတွက် ပေါင်းမြက်များ ကင်းစင်ရန် အထူးလိုအပ်ကြောင်းကို မှာကြားဆောင်ရွက်စေခဲ့ပြီး အဆိုပါလုပ်ငန်းအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကွင်းကြီးကြပ်မှုအဖွဲ့နှင့် တောင်သူများသည် သုံးမြှောင့်ပေါင်းမြက်ရှည်များနှင့် စပါးပင်များနှင့် ရောနှောပေါက်ရောက်နေသော အခြားပေါင်းမြက်ရိုင်းများကို စိုက်ခင်းအတွင်းမှ နှုတ်ပယ်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

စပါးပန်းမပွင့်မီနှင့် စပါးနို့ရည်မတည်မီ ကာလတို့တွင် အထွက်ကောင်းရေးနှင့် အရည်အသွေး​စပါးများ ရရှိလာစေရေးအတွက် စပါးပင်များ မြေဆီသြဇာပြည့်ဝစွာ ရရှိနိုင်ရန် ပေါင်းမြက်များကို ဖယ်ရှားနှုတ်ပယ်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပြန်/ဆက်)