မင်းဘူး နိုဝင်ဘာ ၆
သနပ်ခါးကို ကလေးကအစ ဘိုးဘွားများအထိ လိမ်းကြံခြယ်သ အသုံးပြုကြသော ပစ္စည်း တစ်မျိုးဖြစ်သည်။ အထူးသဖြင့် မြန်မာအမျိုးသမီးများသည်။ သနပ်ခါးကို မခုံမင် မနှစ်သက်သူ ရှားပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင် ဝင်ရောက်စေကာမူ မြန်မာ့ သနပ်ခါးကိုတော့ ကွယ်ပျောက် သွားအောင် စွမ်းဆောင်နိုင်အုံးမည် မဟုတ်ပေ။
သနပ်ခါး၏ဂုဏ်အင်္ဂါ
မြန်မာ့သနပ်ခါးသည် သင်းပြန့်သောရနှံ့နှင့် ပြည့်စုံသည့်အပြင် လိမ်းကြံထားသူရဲ့ အသားအရေကို စိုပြေဝင်းဖန့်၍ လှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်း သူများမှအစ ကောက်စိုက်သမများအဆုံး လက်လွှတ်မခံနိုင်ပဲ လိမ်းခြယ်ခဲ့ကြသည်။ မြန်မာမိန်းကလေး များသည် ရေချိုးပြီးတိုင်း သနပ်ခါးကို ခုံခုံမင်မင် နှစ်နှစ်သက်သက် လိမ်းခြယ်ကြသလို ဘုရားသွား ကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များ ရှိလျှင်လည်း သနပ်ခါးကို လိမ်းခြယ် သွားကြသည်။
ဆေးဖက်ဝင်ပုံ
သနပ်ခါးသည် အပူကြောင့်ဖြစ်သော ဝေဒနာ၊ အအေးကြောင့်ဖြစ်သောဝေဒနာ နှစ်မျိုးစလုံးအတွက် သွေးပြီး လိမ်းကြံခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ကာ ရောဂါပြောက်ကင်းသည်။ အပူဒဏ်ကို ကာကွယ်ပေးသောကြောင့် နေပူထဲတွင် အလုပ်လုပ်သူများ သနပ်ခါးကို လိမ်းထားခြင်းဖြင့် အပူဒဏ်မှသက်သာစေသည်။ ခေါင်ကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းတို့အတွက် သနပ်ခါးကို သွေးပြီးရှူပေးခြင်းဖြင့် ဝေဒနာ သက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် နနွင်းနှင့်သွေးပြီး လိမ်းပေရသည်။ အမျိုးသမီးရောဂါများကြောင့် ကိုယ်အမြဲပူနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့် ရောသွေးပြီး သကြားအနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်သည်။ အမျိုးသားများ ဆီးကြောင့် ဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေဝါးခြင်းတို့ကို သနပ်ခါး မြစ်သွေးပြီး သောက်ပေးရသည်။
မြတ်ဘုရားအားရည်မှန်းပူဇော်
မြန်မာမိန်းကလေးများက သနပ်ခါးတုံးကို အလျှားလိုက်သွေးပြီး လိမ်းကြသော်လည်း နန်းတွင်းသူ မိန်းမပျိုလေးများက ပို၍နူးညံ့သော သနပ်ခါးနှစ်ကိုရရှိရန် သနပ်ခါးတုံးကိုထောင်၍ သွေးကာ လိမ်းခြယ်ကြသည်ဟုဆိုကြသည်။ ထို့အပြင် မြန်မာမိန်းကလေးများသည် သနပ်ခါးနှစ်များကို ခြောက်သွေ့စေရန် နေလှန်းပြီး နုညက်လှသော အမှုန့်များပြုလုပ်ကာ ပေါင်ဒါသဖွယ် အသုံးပြုကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတစ်ခွင်တွင် မီးပုံပွဲများ၌ မြတ်စွာဘုရားအား ရည်မှန်း၍ သနပ်ခါးဖြင့်ပူဇော်သည့် အလေ့အထရှိကြသည်။ ထိုအလေ့အထများကို ပုဂံခေတ်မှစ၍ အစပျိုးကြသည်။
ပြုလုပ်သုံးစွဲ
သနပ်ခါးသားသည် မာကျော၍ အဝါရောင်ရှိသည် ကျစ်လျစ်သိပ်သည်းသောကြောင့် အခြောက်ခံ ထားသော သနပ်ခါး ၁ ကုဗပေလျှင် ၆၁ ပေါင်အလေးချိန်စီးသည်။ ထိုကြောင့် ယင်းအသားဖြင့် ဆီကြိတ်ဆုံ၊ ဝန်ရိုးနှင့် စပါးထောင်းသည့် မောင်းအပြင် ပွတ်ထိုးရာတွင်လည်းကောင်း၊ ပန်းပုထုလုပ်ရာ တွင်လည်းကောင်း၊ အတိုင်းအတာကရိယာ ပြုလုပ်သုံစွဲရာတွင် သနပ်ခါးသားဖြင့် ပြုလုပ်သုံးစွဲကြသည်။
ရောနှောပေါက်ရောက်
သနပ်ခါးပင်ကို ရုက္ခဗေဒ အမည်အားဖြင့် လင်မိုနီယားအက်ဆစ်ဒီစီမား ဟုခေါ်၍ သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပုရာ၊ ပျဉ်းတော်သိမ်၊ တို့နှင့်တစ်မျိုးတည်းဖြစ်ကာ သန်း၊ ဒဟတ်၊ ထနောင်း၊ ဆီးဖြူ၊ ရှား၊ တယ်ပင်၊ ခံပင်များနှင်ရောနှော ပေါက်ရောက်တတ်သည်။ အပင်လုံးပတ်မှာ သုံးပေခန့်အထိ ကြီးထွားနိုင်သော အပင်ငယ်တစ်မျိုးဖြစ်၍ ရွက်ကြွေပင်မျိုးတွင် ပါဝင်သည်။
သနပ်ခါးကိုတိုးချဲစိုက်ပျိုး
သနပ်ခါးပင်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သော အလယ်ပိုင်း အညာဒေသတွင် ပို၍ဖြစ်ထွန်းသည်။ အများစိုက်ပျိုးသောမြို့မှာ အရာတော်မြိုဖြစ်ပြီး ဧကတစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးစိုက်ဧက၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်း သိရသည်။ အခြားထပ်မံ စိုက်ပျိုးထားကြသည့် မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့တွင်လည်း တိုးချဲ့စိုက်ပျိုးထားပြီး သနပ်ခါးစိုက်ဧက သုံးသိန်းကျော်ရှိကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်ကြပါစို့
ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ ယနေ့အထိရိုးရာယဉ်ကျေးမှု တစ်ခုအဖြစ် ထိန်းသိမ်း လာခဲ့ကြသည့် မြန်မာ့သနပ်ခါးကို မြန်မာတို့အတွက် လက်ဆောင်အဖြစ်လည်းကောင်း၊ မြန်မာ့ပြယုဂ် တစ်ခုအဖြစ်လည်းကောင်း တည်ရှိပြီး မြန်မာယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ဆက်လက်ရပ်တည် နိုင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
ဇေယျာထက် ( မင်းဘူး )