ကျောင်းကုန်း နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူ စပိန်နိုင်ငံသား Mr. Ignacio Refugees Perello သည် မြန်မာစကားပြန် ဒေါ်ပြုံးဆုပိုင်နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန့်တွင် ရောက်ရှိပြီး မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် အမှတ်(၂)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမသို့ နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ရောက်ရှိပြီး၊ အမှတ်(၂) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်စိုးက ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေနှင့် မဲရုံ(၃)ရုံရှိကြောင်း၊ ကျောင်းကုန်းမြို့မ ရဲစခန်းရှိ အချုပ်သားများအား ကြိုတင်ဆန္ဒမဲ သွားရောက်ယူဆောင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(၁)မဲရုံသို့ သွားရောက်ရာ အမှတ်(၁)ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်ဆွေက မဲရုံ(၂)ရုံရှိကြောင်း၊ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေနှင့် မနက်ဖြန်တွင် သက်ကြီးရွယ်အို၊ နာမကျန်းဖြစ်သူများအား အိမ်တိုင်ရာရောက်လိုက်လံ၍ ဆန္ဒခံယူမည်ဟု ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)