မင်းဘူးမြို့၌ ပါဠိပထမပြန် စာမေးပွဲအောင် ရဟန်းသာမဏေ၊ သီလရှင်တို့အား ဂုဏ်ပြုပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မင်းဘူး ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မှန်ကင်းကျောင်း စိန်ခြည်လင်းဓမ္မဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဂုဏ်ပြုပူဇော်သည့် ဒသမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်နှင့် ပရိတ်တရားတော်များ ရွက်သဇ္ဈာယ်တော်မူကြသည်။

ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာ အရှင်မြတ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူရှင်မိသားစုများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် မှန်ကင်းတိုက်သစ်ကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တပုည အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာ၊ ဒါယိကာမများ မြို့နယ်ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)