နတ်မောက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဒေသတွင်း ကြက်သွန်နီစိုက်တောင်သူများ ဈေးနှုန်းကောင်း၍ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးသူများထံက သိရသည်။
၂၀၂၃-၂၀၂၄ ဆောင်းရာသီတွင် နတ်မောက်မြို့နယ်၌ စားဖိုဆောင်သီးနှံ ကြက်သွန်နီကို ဒေသတွင်း အသုံးပြုနိုင်ရေးအတွက် ကြက်သွန်နီစိုက်ဧက ၁၅၀ စိုက်ပျိုးပြီးဖြစ်ပြီး ၁ ဧကအထွက်နှုန်း ၆၀၀၀ ပိဿာ ကျော်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျိုး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်သွန်နီစိုက်တောင်သူများ ပူးပေါင်း၍ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးစံပြကွက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဆောင်းရာသီတွင် ၁ ဧကအထွက်နှုန်း ၅၀၀၀ မှ ၆၀၀၀ ပိဿာကြား ထွက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြက်သွန် ၁ ပိဿာရောင်းရဈေး ၁၆၀၀ ရောင်းရကာ လက်ရှိအချိန်တွင် ၁ ပိဿာ ၂၅၀၀ ကျပ်ရောင်းချရသဖြင့် ဒေသတွင်း ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
မူမူစန်း