မြောင်းမြမြို့ အမှတ် (၈) ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ကြိုတင်ဆန္ဒမဲ (၅၁၂) ဦး လာရောက်ပေးပြီးဖြစ်

မြောင်းမြ နိုဝင်ဘာ ၆

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဲရုံတွင် ယမန်နေ့အထိ ကြိုတင်ဆန္ဒမဲပေး လာရောက်သူ (၅၁၂) ဦးရှိပြီဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါရပ်ကွက်ရှိ  မဲရုံတွင်ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၂၂၅၀) ဦးရှိသည့်အနက် အသက်(၆၀)နှင့် အထက် ပြည်သူများနှင့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်  နိုဝင်ဘာလ (၈)ရက်နေ့တွင်  မိမိအမည် စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွာလာရန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ စုစုပေါင်း (၅၁၂) ဦး လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးသူများအနေဖြင့် နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်လာရောက်ပေးနိုင်ပြီး၊   ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင် လာရောက်ရန် ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

သက်ဝေနှင်း(ပြန်/ဆက်)