သရက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြသင်တန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ နည်းပြ၊ ကြီးကြပ်နှင့် စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) က အဖွင့်အမှာစကား ပြောကြားရာ “ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာခရိုင်၊ မြို့နယ်များတွင် ဧပြီ ၂ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ ဆင့်ပွားသင်တန်း (၃) ရက်ပို့ချပေးခဲ့ပြီးဖြစ်၍ နည်းပြ၊ ကြီးကြပ်နှင့် စေတနာ့ဝန်ထမ်းများအား ယနေ့တွင် တာဝန်ပေးအပ်ပွဲကျင်းပပြီး သက်ဆိုင်ရာ စာသင်ဝိုင်းများရှိရာသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းများတွင် အများပြည်သူ တစ်ခဲနက် စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲလာရန် “စာမတတ်သူ ဒို့ဝိုင်းကူ” ဟူသောဆောင်ပုဒ်နှင့်အညီ စာတတ်သူများက “လဲနေသူထူပေးကြ” ဟူသော အသိစိတ်ဓာတ်ဖြင့် ပညာပါရမီဖြည့်ဆည်း ဖော်ဆောင်ပေးရမှာဖြစ်ကြောင်း၊ မိမိရပ်ရွာ ဒေသအတွက် ရပ်ရွာပြည်သူများနှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြစေလိုကြောင်း ” ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြတာဝန်ပေးလက်မှတ်များကို ခရိုင်ပညာရေးမှူးက တာဝန်ရှိသူ အသီးသီးသို့ ပေးအပ်ခဲ့သည်။ သရက်ခရိုင်တွင် သင်တန်းသား (၃၆၂) ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂၄) ဦးက သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)