မြောင်းမြမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအား သုံးသပ်ဆွေးနွေးပွဲကျင်းပ

မြောင်းမြ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ စိုက်ပျိုးရေးသုံး ဆိုလာရေတင်စနစ်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများအား သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ မြောင်းမြခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက သုံးသပ်ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ​မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ပျူတာလုပ်ဆောင် ရေးမှူး ဒေါ်ပြုံးပပက ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ဦးက အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ (နည်းပညာ) ဦးသက်ပိုင်ဦးက စိုက်ပျိုးရေးသုံးဆိုလာရေတင်စနစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီးနောက် တက်ရောက်လာကြသော ကျေးရွာကော်မတီဝင်များ၊ သင်တန်းသူ/သင်တန်းသားများက  ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက နဂုံးချုပ်အမှစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် တာဝန်ရှိသူများ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)