ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစေ့စပ်ညှိနှိုင်း ဆွေးနွေး

ပွင့်ဖြူ  နိုဝင်ဘာ  ၆   


၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်စန်းမြင့် က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် နယ်မြေ အလိုက် မဲရုံပြင်ဆင်ခြင်း လုပ်ငန်း စစ်ဆေးကြပ်မတ်ခြင်းများ ၊ ၊ ကော်မရှင်အဖွဲ့ဝင်များ တာဝန်ယူဆောင်ရွက် ရမည့် မဲရုံကြီးကြပ်ရေးကိစ္စရပ်များ ၊ ဆန္ဒမဲများနှင့် ပတ်သက်ပြီး ခိုင်လုံမဲ ၊ ပယ်မဲ စိစစ်ရေတွက်ခြင်း လုပ်ငန်းများ ၊ မဲရုံများတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း ဖြန့်ဝေပေးမှုအခြေအနေများ ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေး စီစဉ် ဆောင်ရွက် ရန်ကိစ္စရပ်များ ၊ မဲရုံလုံခြုံရေး ဆောင်ရွက်ထား ရှိရန်ကိစ္စရပ်များကို ကဏ္ဍအလိုက် ချပြရှင်းလင်း ဆွေးနွေး ခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တဉ္ဇာစိုး (တဉ္ဇာစိုး) က မြို့နယ်အတွင်း မဲဆန္ဒနယ်မြေ(၁)နှင့် မဲဆန္ဒနယ်မြေ(၂)တွင် လျာထားဆောင်ရွက်ထားရှိသည့် မဲရုံစာရင်းများနှင့် ပတ်သက်ပြီး ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေး မဲရုံများ အဆင်သင့် ပြင်ဆင်ပြီးစီးရေး ကော်မရှင်အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ချပြ ရှင်းလင်း  ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြို့နယ်အတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ပြီးစီးရေး ကြပ်မတ်ဆောင်ရွက် မည့်လုပ်ငန်းများ  ၊ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အခက်အခဲမရှိ မဲပေးနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ၊ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲလက်မှတ် စိစစ်ရေတွက်ခြင်းလုပ်ငန်းနှင့် ခိုင်လုံမဲ ၊ ပယ်မဲ စိစစ်ရေတွက်ခြင်းလုပ်ငန်းများအပေါ် အခက်အခဲမဖြစ်စေရေး ဆောင်ရွက်ရန်လုပ်ငန်းအစီအစဉ်များကို  ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း (၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် မဲဆန္ဒရှင်ဦးရေမှာ ၁၃၅၉၉၀ ဦး ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။   
ရဲဝင်းနိုင် ( ပြန်/ဆက် )