မြိတ် ဧပြီ ၄
၂၀၂၄ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် မတ်လ(၂၈)ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင်နှင့် ပါဠိပထမပြန်စာမေးပွဲကို (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြိတ်စာဖြေဌာနကို မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီ တော် ဗုဒ္ဓသာသနာ့ဗိမာန်နှင့် ရေကြည်တော်ဓမ္မာရုံတို့တွင် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပလျက်ရှိသည်။
ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ဘာသာရပ်အလိုက်စာမေးပွဲများ ကျင်းပရာ သံဃာတော်နှင့်သီလရှင် (၂၃၇)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ အခြေပြုမူလတန်းတွင်(၁၄၃)ပါး၊ ပထမငယ်တန်း တွင်(၅၈)ပါး၊ ပထမလတ်တန်းတွင်(၁၉)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး၊ ပထမကြီးတန်းတွင်(၁၇)ပါး ဝင်ရောက်ဖြေဆိုကြ ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
အစိုးရဓမ္မာစရိယစာမေးပွဲကို မြိတ်စာဖြေဌာန၌ သံဃာတော်နှင့်သီလရှင်(၅၂)ပါးမှ ဓမ္မာစရိယ ကျမ်းရင်း (၃)ကျမ်းနှင့် မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းစာမေးပွဲကို ဖြေဆိုရမည့်နေ့ရက်များ အလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲများကို ဩဝါဒစရိယဆရာတော် (၆)ပါး၊ အထူးကြီးကြပ်ရေး ဆရာတော် (၈)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တွင် ဆရာတော်(၁၇)ပါး၊ ခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိအဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာ၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်း တို့ကို မတ်လ(၂၈)ရက်မှဧပြီလ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက် မှဧပြီလ(၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီး တန်းစာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)