တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က စာသင်ဝိုင်းများတွင် သင်ကြားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ နွေရာသီကျောင်းပိတ်ရက်မှသာ ဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြစ်ခြင်းကြောင့် စာမတတ်မြောက်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများအနေဖြင့် စေတနာပါပါဖြင့် ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများမှ တာဝန်ရှိသူများက စာမတတ်မြောက်သူများ စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

တောင်ငူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၃)ဝိုင်းတွင် အခြေခံပညာကျောင်းများမှ နည်းပြ(၅၃)ဦး၊ ကြီးကြပ်သူ(၇)ဦး၊ တက္ကသိုလ်များမှ နည်းပြ(၅၂)ဦး၊ ကြီးကြပ်သူ(၁)ဦးဖြင့် ဧပြီလ ၁ ရက်နေ့မှ ရက်ပေါင်း ၄၀ အတွင်း တစ်ရက်စာသင်ချိန် ၃ နာရီကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး စာသင်သူတစ်ဦးလျှင် ဗလာစာအုပ်(၇)အုပ်၊ မြန်မာစာပုံနှိပ်(၁)အုပ်၊ သင်္ချာပုံနှိပ်(၁)အုပ်၊ ဘောလ်ပင်နှင့် ခဲတံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)