ဘိုကလေး ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ချိုကြည်သာသနာ့ ဗိမာန်တော်ကြီးအတွင်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးမှူးဦးမျိုးလွင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂရန်အင်းနှင့် ပိုက်ချက်များ ဝယ်ယူကြမည့် ဘိုကလေးမြို့နယ်အတွင်းမှ ရေလုပ်သားကြီးများ တက်ရောက်ကြပြီး အခမ်းအအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်းတို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးလွင်က ဖျာပုံခရိုင်အတွင်းရှိ အင်း/တင်ဒါပိုက်ချက်များအား လေလံတင်ရောင်းချခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ဦးအောင်အောင်ဆွေက လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက ရေလုပ်သားကြီးများအား ဂရန်အင်း(၃၄)ခုအား လေလံစနစ်ဖြင့်လည်းကောင်း၊ ပိုက်ချက်(၃၅၂)ချက်တို့အား တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)