ကန်ကြီးထောင့် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်မှ စတင်၍ ကန်ကြီးထောင့်မြို့နယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က ဆက်လက်ဖြဆို လျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၇၀)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင် (၆)ပါး၊ ပထမလတ် တန်းတွင် (၁၁)ပါး၊ ပထမငယ်တန်းတွင် (၁၂)ပါး၊ အခြေပြုမူလတန်းတွင် (၂၈)ပါး စုစုပေါင်း(၅၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စုစုပေါင်း(၁၃)ပါးဖြေဆိုရန် ပျက်ကွက်ကြောင်း သိရသည်။
ထိုသို့ စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး စာမေးပွဲကာလ နေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)