ဒေးဒရဲမြို့နယ်၌ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဒေးဒရဲ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းအပေါ် တက်ရောက်လာသူများ၊ ဌာနဆိုင်ရာများက မြေပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပါဝင်ဆွေးနွေးပေးကြရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ရေရှည်တည်တံ့၍ ကာလရှည်ကြာ အသုံးပြုနိုင်ရေး ကျေးရွာပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီသီအောင်က စီမံကိန်းလုပ်ငန်း အကြောင်းအရာများနှင့် ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအားကောင်းသည့် ကျေးရွာများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် သက်ဆိုင်သူများက အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အားနည်းချက်၊ အားသာချက်များ၊ တွေ့ရှိချက်များအား သုံးသပ်ဆွေးနွေးခဲ့ပြီး ပိုမိုကောင်းမွန်သည့် စီမံကိန်းလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး စုပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း